The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ (၃၆) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (  ၂၉  ) ရက်

 

၃၆ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် အစည်းအဝေးဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး H.E Mr. Chan Chun Sing က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် အစီအစဉ်အရ ကျင်းပသော အစည်းအဝေးများဖြစ်သည့် Energy Resilience and Innovation အကြောင်းအရာကိုလည်းကောင်း၊ Clean Energy Transformation ကဏ္ဍပေါ်တွင် လည်းကောင်း၊ ၃၅ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးမှဆွေးနွေးမှု များအား ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ The ASEAN Plan of Action for Energy Cooperation ကဏ္ဍတွင် အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်းကောင်း၊ အာဆီယံအဆင့်မြင့်အရာရှိများအစည်းအဝေးမှ ဆွေးနွေးမှုများကိုလည်းကောင်း၊ အာဆီယံရေနံ ကောင်စီ၌ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ Heads of Power Utilities/ Authorities မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကိုလည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ၊  တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၃၆ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေး၏ Joint Ministerial Statement အပေါ်တွင်လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် အာဆီယံနှင့် ဆွေးနွေးဖက် ၃ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအကြား စွမ်းအင်ဆိုင်ရာအစည်းအဝေးသို့လည်းကောင်း၊ အာဆီယံ စွမ်းအင်ဝန်ကြီးများနှင့် အရှေ့အာရှထိပ်သီးနိုင်ငံများအကြား စွမ်းအင်ဆိုင်ရာအစည်းအဝေး သို့လည်းကောင်း တက်ရောက်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လာအိုနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E Dr. Khammany Inthirath   ဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနဝန်ကြီး H.E Mr. Siri Jirapongphan  ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း နှစ်နိုင်ငံစွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ညနေပိုင်းတွင် ၃၆ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးအထိမ်းအမှတ် ညစာစားပွဲနှင့် အာဆီယံစွမ်းအင် ဆိုင်ရာ ဆုတံဆိပ်များချီးမြှင့်ခြင်းအခမ်းအနားများသို့လည်း တက်ရောက်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Energy Research Institute of ASEAN and East Asia (ERIA) မှ President ဖြစ်သူ Professor Hidetoshi Nishimura ဉီးဆောင်သော အဖွဲ့နှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စများ တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှစွမ်းအင်ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများမှဝန်ကြီးများ၊ အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန၊ အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ၊ အပြည်ပြည်ဆိုင်ရာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများ၊ Energy Research Institute of ASEAN and East Asia (ERIA)မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
29-Oct-2018