The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ () ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆:၀၀ နာရီ အချိန်တွင် နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ကော်မတီဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ VPower Holdings Limited ၏ Co-Chief Executive Officer Mr. Au-Yeung Tai Hong Rorce နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထုတ်လုပ်ရေးအပိုင်း၊ သယ်ယူပို့ဆောင်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းဟူ၍ (၃) ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်ထပ်မံလိုအပ်မည် ဖြစ်ပါကြောင်း၊ အစိုးရသစ်အနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရာတွင် Reliable Power ဖြစ်ရန် အတွက် အရင်းမြစ်မျိုးစုံပါဝင်တဲ့ Proper Generation Mix ဖြစ်ရန် အဓိကကျပါကြောင်း၊ မြင်းခြံ (၉၀) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ ဖြစ်သော ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ တစ်ရက် ကုဗပေ ၂၀ သန်းကို အသုံးပြု၍ ၂၀၁၉ ခုနှစ်၊ နွေရာသီအမီ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြင်းခြံ (၉၀) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ဓာတ်အားဝယ်ယူနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ မြင်းခြံ (၉၀) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် တည်ရှိပြီးအာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ ၉၀ မဂ္ဂါဝပ် ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားကို မြင်းခြံ ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံမှတဆင့် မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ နွားထိုးကြီး မြို့နယ်နှင့် ညောင်ဦးမြို့နယ်များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ်ပေးမည့်စက်ရုံဖြစ်သောကြောင့် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသည့်ဒေသများရှိ ပြည်သူများ အကျိုးမျှဝေခံစားရမည်ဖြစ်ပါ ကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး၊  VPower Holdings Limited ၏ Co-Chief Executive Officer, Mr. Au-Yeung Tai Hong Rorce က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။ ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် VPower Holdings Limited ၏ Senior Regional Manager, Mr. Oscar Ng တို့က ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ကြပါသည်။

          အဆိုပါ ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်တွင် တည်ရှိပြီး Independent Power Producer (IPP), Build-Operate-Own (BOO) စနစ်ဖြင့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီဖြစ်သော VPower Holdings Limited မှ ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားဖြစ်စတင်ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။၎င်းဓာတ်အားပေး စက်ရုံ၏ စက်တပ်ဆင်အင်အားမှာ စုစုပေါင်း (၉၉.၈၄) မဂ္ဂါဝပ် (၁.၅၆ မဂ္ဂါဝပ် × ၆၄ လုံး) ဖြစ်ပြီး အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အား ပမာဏမှာ (၉၀) မဂ္ဂါဝပ်ဖြစ်၍ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း (၆၃၀) ဖြစ်ပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်စီမံကိန်းတစ်ခုဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
07-Nov-2018