The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိမြိုင်ရေနံရှာဖွေရေးအစမ်းတွင်းအမှတ်-၁ စတင်တူးဖော်ခြင်း အခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ( ၂၆ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ချောက်ရေနံမြေသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၊ မွန်းလွဲပိုင်းတွင်ရောက်ရှိပြီး ရေနံမြေ စုပေါင်းခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတာဝန်ကိုသိရှိပြီး စေတနာထား၍ တက်ညီလက်ညီဖြင့် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောကဏ္ဍမှပါဝင်သောကြောင့် မိမိတို့ဆောင်ရွက် နေသည့်လုပ်ငန်းများအပေါ်ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ယခုထက် ပိုမိုတိုးမြှင့်ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အလေအလွင့်မရှိရေး၊ အထူးဂရုပြုဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်း၌ရှိပြီးဖြစ်သော Standard Operation Procedure (SOP) နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်း တွင်းတူးစက် ZJ 70L SR-1 ဖြင့် တူးဖော်မည့် မြိုင်ရှာဖွေရေးတွင်းအမှတ် (၁) တွင်း နေရာရှိရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးမှ တွင်းတူးဖော်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်း တင်ပြ ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက မြိုင်ရှာဖွေရေးတွင်းအမှတ်(၁)တွင်းအား  စက်ခလုတ် နှိပ်၍ စတင်တူးဖော်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ရေနံတွင်းတူးစက်  ဝန်ထမ်းများအား သစ်သီးခြင်းများပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

          အဆိုပါ မြိုင်ရှာဖွေရေးတွင်းအမှတ်(၁) တူးဖော်နိုင်ရေးအတွက် ယခင်တိုင်းတာခဲ့သော အချက်အလက်များအားအခြေခံ၍ မြေပေါ်ဘူမိဗေဒကွင်းဆင်းခြင်းလုပ်ငန်းများနှင့် ဘူမိရူပ တိုင်းတာခြင်းလုပ်ငန်းများအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး လေ့လာ သုံးသပ်ချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းတည်ရှိနိုင်သော ပေနက်သဲကြောများအား ရှာဖွေတူးဖော်စမ်းသပ်ထုတ်လုပ်ရန်အတွက် ZJ 70L SR-1 တွင်းတူးစက်အားအသုံးပြု၍ ရည်မှန်းအနက်ပေ(၈၅၀၀) အထိတူးဖော်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ သဲကြောများအား စမ်းသပ် သွားမည်ဖြစ်ပါသည်။ စမ်းသပ်ရရှိမှုအပေါ်မူတည်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ချောက်ရေနံမြေ ရေနံတွင်းအမှတ် (၁၁၉၆) ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ရေနံတွင်းအမှတ် (၁၁၉၆) နှင့် တွင်းသစ်အမှတ် (၁၂၁၃) တို့မှ ရေနံတိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြား၍ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သစ်သီးခြင်းများ ပေးအပ်ခဲ့ပါသည်။

          အဆိုပါ ရေနံတွင်းအမှတ် (၁၁၉၆) ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် သဲကြောတိုးချဲ့သေနတ်ဖောက်ခြင်းအား ဆောင်ရွက်ခဲ့ရာ လက်ရှိရေနံစိမ်းစည် (၁၂၂) စည် နေ့စဉ် ထုတ်လုပ်လျက်ရှိပြီး တွင်းသစ်အမှတ်(၁၂၁၃)အား(၃-၁-၂၀၁၉) ရက်နေ့တွင် စတင်တူးဖော်ခဲ့ရာ (၁၉-၁-၂၀၁၉) ရက်နေ့တွင် အနက်ပေ (၄၁၅၀) အထိ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် (၁၉၀)စည် ထုတ်လုပ်နိုင်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ချောက်ရေနံမြေဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။  

          ထို့နောက် ချောက်ရေနံမြေရိပ်သာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံတိုးတက်ထုတ်ယူရေးလုပ်ငန်းများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol JOC Inc. ကုမ္ပဏီ၏ တာဝန်ရှိသူများမှ ရေနံမြေ အထွက်တိုးရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်းစဉ်များအား သတ်မှတ်ကာလများအတိုင်း အပြည့်အဝ အောင်မြင်စွာ အကောင် အထည်ဖော်ရန်၊ လုပ်ငန်းဆောင်ရွက်နေသည့် ဒေသပတ်ဝန်းကျင်တွင် လူမှုရေးတာဝန်သိမှု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ဝန်ထမ်းရေးရာကိစ္စများအား အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးရေး စသည်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

          ချောက်ရေနံမြေတွင် ယခုကဲ့သို့တွင်းဟောင်းများ တိုးချဲ့ထုတ်လုပ်မှုစမ်းသပ်ဆောင်ရွက်ခြင်း၊ တွင်းသစ်များတူးဖော်နိုင်ခဲ့ခြင်းကြောင့် ချောက်ရေနံမြေရှိ တွင်းပေါင်း(၁၁၁)တွင်းမှ ယခင်ကထက် ရေနံစိမ်းစည်(၃၀၀)ကျော်ခန့် တိုးတက်ထုတ်လုပ်နိုင်သဖြင့် ယခုအခါ ချောက်ရေနံမြေ၏ ရေနံစိမ်းထုတ်လုပ်နိုင်မှုမှာ နေ့စဉ် (၁၇၀၀) စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း (၀.၀၄၅) ထုတ်လုပ်လျက်ရှိကြောင်းနှင့် ရေနံအထွက်တိုးရေးနှင့် ထုတ်လုပ်မှု ထိန်းသိမ်းနိုင်ရေး လုပ်ငန်းစဉ်များ ဖြစ်သော တွင်းဟောင်းပြုပြင်ခြင်း၊ တွင်းသစ်တူးဖော်ခြင်း လုပ်ငန်းများအပြင် ၂၀၁၈ ခုနှစ်၊ မတ်လမှစ၍ သဲကြောများအတွင်း ရေမောင်းသွင်း၍ ရေနံ အထွက်တိုးစေသည့် ရေလွှမ်းစီမံကိန်းလုပ်ငန်းများကို စီမံချက်များ စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Jan-2019