The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

၆၆ ကေဗွီ ရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ( ၂၇ ) ရက်

          လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက် ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊(၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌဦးတိုးအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိမှုနှင့် ပတ်သက်နေသည့် အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယခင်က မြို့သာမြို့မှ ငါန်းဇွန်မြို့သို့ ၁၁ ကေဗွီဓာတ်အားလိုင်း (၁၆)မိုင် သွယ်တန်းပြီး ဓာတ်အားဖြန့်ဖြူးထားရာ ဓာတ်အားပျောက်ဆုံးမှုနှင့် ဗို့အားမပြည့်မီခြင်းတို့ တွေ့ကြုံခဲ့ရသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ ငါန်းဇွန်မြို့တွင် ၆၆ကေဗွီဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို (၇-၃-၂၀၁၆)ရက်နေ့မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၃၁-၁၀-၂၀၁၈)ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၆၆ကေဗွီ ရွာသစ်-ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇)မိုင်နှင့် ၆၆/၁၁ကေဗွီ(၁၀)အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံတည်ဆောက်ရေးအတွက် ကျပ်သန်းပေါင်း (၂,၅၇၀)ကျော်အကုန်အကျခံတည်ဆောက်ခဲ့ပါကြောင်း၊ငါန်းဇွန်ဓာတ်အားခွဲရုံနှင့်ဓာတ်အားလိုင်း (၀.၆၇) မိုင်ကိုတည်ဆောက်ပြီးစီးခဲ့သည့်အတွက်ငါန်းဇွန်မြို့ပေါ် (၅) ရပ်ကွက်နှင့်ကျေးရွာ (၁၅) ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မီးလင်းရန်ကျန်ရှိသော ကျေးရွာ (၃၉) ရွာကို လျှပ်စစ်ဓာတ်အားသွယ်တန်းရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း ယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်း၂၀၁၅ခုနှစ်တွင်Residential (၂၀၂.၇) မဂ္ဂါဝပ်၊ Commercial (၃၄.၃) မဂ္ဂါဝပ်၊ Industrial (၁၆၇) မဂ္ဂါဝပ်၊စုစုပေါင်း(၄၀၄)မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ခုနှစ်မှာ Residential (၃၀၇.၉) မဂ္ဂါဝပ်၊ Commercial (၅၂) မဂ္ဂါဝပ်၊ Industrial (၂၅၄.၁) မဂ္ဂါဝပ်၊ စုစုပေါင်း(၆၁၄)မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိမန္တလေးတိုင်းဒေသကြီး ခရိုင်(၇)ခုအတွင်းရှိမြို့(၃၀)၊ကျေးရွာပေါင်း(၄၇၉၉)ရွာအနက် (၃၇၅၈)ရွာသည် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရရှိသုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများအနက် ကျေးရွာပေါင်း(၇၀) ဓာတ်အားရရှိရေးကိုပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာငွေ၊ World Bank, ADB, JICA စသည့်အဖွဲ့အစည်းများ၏ချေးငွေများဖြင့်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါ ကြောင်း၊ ယခုလက်ရှိမန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁,၃၂၃,၁၉၁)ရှိသည့် အနက်အိမ်ထောင်စုပေါင်း (၇၅၅,၂၂၈) (၅၇ %) ခန့်ဓာတ်အားစနစ်မှဓာတ်အားရရှိသုံးစွဲလျက် ရှိပြီး၂၀၂၀-၂၀၂၁ခုနှစ်တွင် (၆၅ %) ခန့်သို့လည်းကောင်း၊၂၀၂၅-၂၀၂၆ခုနှစ်တွင် (၇၅ %) အထက်သို့လည်းကောင်း ဓာတ်အားစနစ်မှလျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အထက်ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှထွက်ရှိမည့်ဓာတ်အား(၂၈၀)မဂ္ဂါဝပ် ကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရန်အတွက် ၂၃၀ကေဗွီ အထက်ရဲရွာ-ရွှေစာရံ ဓာတ်အားလိုင်း စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်ဆည်မြို့ဘဲလင်းဒေသတွင် (၁၄၅)မဂ္ဂါဝပ်ထွက်ရှိမည့်သဘာဝဓာတ်ငွေ့သုံးGas Engine စက်ရုံတို့ကိုတည်ဆောက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ပြီးစီးအောင်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ မြင်းခြံဒေသတွင်လည်း (၂၂၅) မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ (Gas Turbine and Combine Cycle Power Plant-CCGT) ကို တည်‌ဆောက်မောင်းနှင်လျက်ရှိရာ ထွက်ရှိ လာသော ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်လျက်ရှိပါကြောင်း၊ ထို့အပြင် ဓာတ်အားပို့လွှတ်မှုစနစ်တောင့်တင်းခိုင်မာစေရန်အတွက် ၂၃၀ကေဗွီ မြင်းခြံ-မိတ္ထီလာ-တောင်တွင်းကြီးဓာတ်အားလိုင်းစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံဓာတ်အားစနစ်၏ပထမဆုံးဖြစ်သည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံကြီးကို ကံကောင်း(မိတ္ထီလာ)တွင် JICA ချေးငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ပြီးစီးသွားပါက နိုင်ငံတော်ဓာတ်အားစနစ် ပိုမိုတည်ငြိမ်လာမည်ဖြစ်သည့်အပြင် ဓာတ်အားပိုမိုပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၃,၆၀၀) မဂ္ဂါဝပ်ရှိပြီးရေအားစက်ရုံ(၂၈)ရုံမှ (၂,၄၅၀)မဂ္ဂါဝပ်နှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ(၁၆)ရုံမှ (၁,၁၅၀)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း(၁၀.၈၇၇)သန်းရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ အထိ အိမ်ထောင်စုပေါင်း၄.၇၀၉သန်း(၄၃%)ခန့်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး ဖြစ်ရာ ၆.၁၆၈သန်း(၅၇%)ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေ ပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်ပချေးငွေများရယူခြင်းအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရဘဏ္ဍာရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ (၅၅%)ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးသည် လျှပ်စစ်ဓာတ်အားဖြစ်သည်နှင့်အညီ နိုင်ငံတော် အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အစရှိသည့် ကဏ္ဍအားလုံး ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်သောကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူ တစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၆၆ကေဗွီ ရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ တည်ဆောက်ခဲ့ သော ဝန်ထမ်းများအားဂုဏ်ပြုသစ်သီးခြင်းပေးအပ်ခဲ့ပါသည်။

          ၎င်းနောက် ၆၆ ကေဗွီ ရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်ဖဲကြိုးအား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်၊ ငါန်းဇွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ ငါန်းဇွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးတိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

         ထို့နောက် ၆၆/၁၁ ကေဗွီ၊ (၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
27-Jan-2019