The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တည်ဆောက်ရေးတင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုတို့အကြား တည်ဆောက်ရေး လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ  (  ၃၀ ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတည်ဆောက်ရေး လုပ်ငန်းတင်ဒါ C1W2 ၊ C1W3 ၊ C1-W4 ၊ C1-W5 တို့အတွက် တည်ဆောက်ရေးတင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုတို့အကြား  တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊စာချုပ်လက်မှတ်ရေးထိုးသည့်ကုမ္ပဏီများမှ မန်နေးဂျင်းဒါရိုက်တာ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာဒေသများအားလုံး လျှပ်စစ်ဓာတ်အားအပြည့်အဝ ရရှိစေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀ ခုနှစ် တွင် ၅၅ % သို့လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ % သို့လည်းကောင်း ရရှိစေရေး စီမံ ဆောင်ရွက်လျက်ရှိပြီး ထိုဆောင်ရွက်မှုများအနက်မှ ကုလသမဂ္ဂ၏ အားလုံးအတွက် ရေရှည် တည်တံ့သော စွမ်းအင်ရရှိရေး (Sustainable Energy for ALL - SE4ALL) ခေါင်းစဉ်အောက်မှ အထောက်အပံ့ အမေရိကန် ဒေါ်လာ ၁.၅ သန်းဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (National Electrification Plan) ကို ၂၀၁၃ ခုနှစ်၊ မေလမှ ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ပြုစုရေးဆွဲ၍ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကို ရရှိခဲ့ပြီး ၎င်းအနက် အမေရိကန် ဒေါ်လာ သန်း (၃၁၀) ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ဓာတ်အားစနစ်မှ တိုးချဲ့ဆက်သွယ်ပေးခြင်း (Grid Extension) လုပ်ငန်းများအတွက်လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း (၉၀) ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ဓာတ်အားစနစ်ပြင်ပရှိ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအတွက်လည်းကောင်း သုံးစွဲရန်ရရှိခဲ့ပါကြောင်း၊ အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ၏ ပထမအဆင့်အနေဖြင့် ဓာတ်အား စနစ်မှ ၂ မိုင်အတွင်း ကျေးရွာ (၅၀၈၀) ရွာကို ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ပထမအဆင့်စာရင်းပါ ကျေးရွာ (၅၀၈၀) ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း (International Competitive Bidding - ICB) နှင့် ခေါ်ဆိုခဲ့ကာ ပစ္စည်းများ ၆၀ % ခန့် ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ တည်ဆောက်ရေးတင်ဒါ (၁၂) ခုအနက်မှ C1W1 တည်ဆောက်ရေး တင်ဒါကို ၂၁-၁၂-၂၀၁၈ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ပြီး၊ ယခုတင်ဒါသည် ကျန်ရှိသည့် NEP တည်ဆောက်ရေးတင်ဒါ (၁၁) ခုအနက် ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက်ဖြစ်ကာ ယနေ့ ချုပ်ဆိုသည့် စာချုပ်များအရ မီးလင်းနိုင်မည့် အိမ်ထောင်စုဦးရေမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၁၀) ရွာအတွက် အိမ်ထောင်စုဦးရေ (၂၅၉၉၄) စု တိုးလာနိုင်သဖြင့် Electrification Rate ၄၁.၃၅ % သို့ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် (၆၀၃) ရွာအတွက် အိမ်ထောင်စုဦးရေ (၇၉၄၄၁)စု တိုးလာနိုင်သဖြင့် Electrification Rate ၃၇.၆ % သို့လည်းကောင်း၊ ချင်းပြည်နယ် တွင် (၄) ရွာအတွက် အိမ်ထောင်စုဦးရေ(၁၈၁)စုတိုးလာနိုင်သဖြင့် Electrification Rate ၂၅.၂၈ % သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် (၄၆၄) ရွာအတွက် အိမ်ထောင်စု ဦးရေ (၄၈၂၁၉) စု တိုးလာနိုင်သဖြင့် Electrification Rate ၄၅.၀၅ % သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် (၁၂) ရွာ အတွက် အိမ်ထောင်စုဦးရေ (၁၅၁၄) စု တိုးလာနိုင်သဖြင့် Electrification Rate ၂၁.၂၂ % သို့လည်းကောင်း၊ ရှမ်းပြည်နယ် တွင် (၃၃၅) ရွာအတွက် အိမ်ထောင်စုဦးရေ (၂၄၇၃၀) စု တိုးလာနိုင်သဖြင့် Electrification Rate ၃၅.၄၁ % သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် (၇၀) ရွာအတွက် အိမ်ထောင်စုဦးရေ (၁၂၉၃၄) စု တိုးလာနိုင်သဖြင့် Electrification Rate ၆၀.၆ % သို့လည်းကောင်း အသီးသီးတိုးတက်လာမည် ဖြစ်ပြီး မီးလင်း နိုင်မည့် အိမ်ထောင်စုအရေအတွက် စုစုပေါင်းမှာ (၁၉၃၀၁၃) စု ဖြစ်ပါကြောင်း၊  NEP ပထမအဆင့် ၂ မိုင်အတွင်းရှိ ကျေးရွာ (၅၀၈၀) ရွာအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း (၅၀၈၀) ရွာရှိ အိမ်ထောင်စုပေါင်း (၆၂၆၇၅၇) ခန့် ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေဖြင့် ဒုတိယအဆင့် မဟာ ဓာတ်အားလိုင်းမှ ၅ မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ပါ စီမံကိန်းများအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ၎င်းချေးငွေဖြင့် ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင် အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း (၈၅၃၇) ရွာရှိ အိမ်ထောင်စုပေါင်း (၁၀၃၂၄၁၁) စုခန့် လျှပ်စစ်ဓာတ်အားရရှိလာမည်ဖြစ်ပြီး အဆိုပါ ချေးငွေကြောင့် စုစုပေါင်း Electrification Rate ၉.၅ ရာခိုင်နှုန်းခန့် တိုးတက်လာကာ ၂၀၂၁ ခုနှစ် တွင် တစ်နိုင်ငံလုံး Electrification Rate ၅၅ ရာခိုင်နှုန်းအထိ တိုးတက် သွားမည်ဖြစ်ပါကြောင်း၊ NEP စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေး အရည်အသွေးပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုမ္ပဏီအသီးသီးတို့မှ မိမိတို့ဆောင်ရွက်ပေးရမည့် အခန်းကဏ္ဍအလိုက် ကြိုးပမ်း ဆောင်ရွက်ပေးကြပါရန်  ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင် မှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းပါ လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင် နှင့် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုမှ တာဝန်ရှိသူတို့မှ လုပ်ငန်း အပ်နှံခြင်းစာချုပ်များတွင် လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
31-Jan-2019