The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှုနှင့် သာကေတရှိ TM - 2500 မိုဘိုင်းဓာတ်အားပေးစက်တို့အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (   ၃  )ရက်

                 မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ယနေ့အချိန်တွင် (၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှု မှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ နွေရာသီ ဓာတ်အားသုံးစွဲမှုများသည့် Peak Load အချိန်များတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည့် သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၊သာကေတဓာတ်အားပေးစက်ရုံ နှင့် TM - 2500 မိုဘိုင်းဓာတ်အားပေးစက်တို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ ဓာတ်အားပေး စက်ရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်ထားမှုအခြေအနေ၊ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များအား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေး စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန်တွင်တည်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်လျင်မြန်စွာဖွံ့ဖြိုး တိုးတက်စေရန် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားကိုအပြည့်အဝရရှိရေးအတွက် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ၂၅ မဂ္ဂါဝပ်ထွက်ရှိသော Hitachi H-25 Gas Turbine အမျိုးအစား စက် ၂ လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၅၀ မဂ္ဂါဝပ် ထွက်ရှိသည့်အပြင် ဂျပန်၏အဆင့်မြင့်နည်းပညာဖြင့် သဘာဝဓာတ်ငွေ့ထပ်မံသုံးစွဲရန်မလိုဘဲ Water Injection နည်းပညာကိုအသုံးပြုကာ လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်အား အချိန်တိုအတွင်း ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်သည့်စက်အမျိုးအစားဖြစ်ပါသည်။၄င်းစီမံကိန်းကို  Japan ODA Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၆ သန်းဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဓာတ်အားပေးစက်ရုံမှထွက်ရှိသော ဓာတ်အားများကို ၂၃၀ ကေဗွီ ကမာနတ်ဓာတ်အားလိုင်း နှင့် ၂၃၀ ကေဗွီ သန်လျင်ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်၍လည်းကောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ ၃၃ ကေဗွီ ဖီဒါ ၁၂ ခုဖြင့်လည်းကောင်း၊ ကျောက်တန်းမြို့နယ်သို့ ၃၃ ကေဗွီ ဓာတ်အား လိုင်းဖြင့်လည်းကောင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူး မှ ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အား ပေးစက်များမောင်းနှင်ထားမှု နှင့် ဓာတ်ငွေ့ရရှိမှုအခြေအနေ ၊ ဓာတ်ငွေ့တာဘိုင်စက်များ အဆင့်မြှင့်တင်ပြုပြင်ခြင်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ် သို့ ချိတ်ဆက်ပို့လွှတ်ထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အထွေထွေ မန်နေဂျာ ဦးတင်အောင်မှ TM - 2500 မိုဘိုင်းဓာတ်အားပေးစက်ဆိုင်ရာ အချက်အလက် များနှင့် ဓာတ်အားပေးစက်မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးနှင့် စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နိုင်ရေး တို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက် အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ TM - 2500 မိုဘိုင်းဓာတ်အားပေးစက်သည် ၂၅ မဂ္ဂါဝပ်ထွက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေ ဘီလီယံကျပ် ၃၀ အသုံးပြု၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်၍ စမ်းသပ်မောင်းနှင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ နွေရာသီ ဓာတ်အားသုံးစွဲမှုများသည့် Peak Load အချိန်များတွင် ဓာတ်အားထုတ်လုပ်မောင်းနှင် ပေးလျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
03-Feb-2019