The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

\

            (၁၉.၃.၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

            အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံ၏ အရေး အကြီးဆုံး အချက် (၂) ချက်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေးဖြစ်ပြီး မိမိတို့အစိုးရ စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ သတ်မှတ်ခဲ့သည့် ကိစ္စဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလင်းရေး ဆိုသည်မှာ နေဝင်သွားသည့်အချိန်တွင် မီးလင်းရုံကိစ္စ အတွက်သာ မဟုတ်ပါကြောင်း၊ ယင်းဓာတ်အားများနှင့် မိမိတို့ ပြည်သူများ၏ဘ၀ ပိုမိုဖွံ့ဖြိုး လာအောင် ဦးတည်ခြင်းဖြစ်ပါကြောင်း။

             နံနက်ပိုင်းက မြဝတီတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကို သွားရောက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ချစ်ကြည်ရေးတံတား ဖွင့်ရခြင်းမှာ ချစ်ကြည်ရေးကို ဦးတည်ပါကြောင်း၊ နှစ်နိုင်ငံအကြားတွင် ပိုမိုချစ်ခင်ရင်းနှီးလာစေရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ခြင်းအားဖြင့် မိမိတို့ပြည်သူလူထု၏ဘဝများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာရန် ဖြစ်ပါ ကြောင်း၊ မိမိတို့ ဘာပဲလုပ်လုပ် အဓိကရည်ရွယ်ချက်မှာ ပြည်သူများ၏ဘ၀ တိုးတက် ဖွံ့ဖြိုးရန် အတွက်ဖြစ်ပါကြောင်း၊ တိုးတက်ခြင်းဆိုသည်မှာ ခေတ်နှင့်အညီ ပြောင်းလဲသင့်သည်များကို ပြောင်းလဲနိုင်သည့် အခြေအနေကို ပြောခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဓာတ်အားလိုင်း ဖွင့်ခြင်းမှာလည်း တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တိုးတက်မှုဆိုသည်မှာ မိမိတို့ပြည်သူများ လျှပ်စစ်မီးရသွားခြင်း သာမဟုတ်ဘဲ နည်းပညာအားဖြင့် မိမိတို့နိုင်ငံမှ ခေတ်နှင့်အညီ လိုက်မီလာသည့် သဘောကိုလည်း ပြသခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုမှာ မိမိတို့၏ဘဝကို ပို၍ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းများရှိလာရန် ဖြစ်ပါကြောင်း။

            လွတ်လပ်ရေးမရမီ ခေတ်ကလွတ်လပ်ရေး ခေါင်းဆောင်ကြီးများသည် မိမိ ကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးမည်ဆိုသည့် စိတ်ဓာတ်နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုအချိန်တွင် မိမိကံကြမ္မာကို မိမိ မည်မျှအထိ ဖန်တီးနိုင်သည့် အရည်အချင်း ရှိသလဲဆိုသည်ကို မိမိတို့ပြန်ပြီး သုံးသပ် ရပါကြောင်း၊ မိမိကြမ္မာကို မိမိဖန်တီးနိုင်ရန် အဖက်ဖက်မှ ရှိသင့်ရှိထိုက်သည့် အရည် အချင်းများ၊ ပံ့ပိုးမှုများရှိရန်လိုအပ်ပါကြောင်း၊ ပြည်သူများ အလိုအပ်ဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို မိမိတို့ ဦးစားပေးလုပ်ဆောင် နေခြင်းဖြစ်ပါကြောင်း။

            ယနေ့အခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ ပြည်နယ်အစိုးရလည်း ပါဝင်ပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ ပြည်ထောင်စုသဘောတရား၊ ဒီမိုကရေစီသဘောတရားကို ဖော်ကျူးနေခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီသဘောတရားအရ မိမိတို့သည် အစိုးရအုပ်ချုပ်ရေး အပိုင်း၊ လွှတ်တော်ဥပဒေပြုရေးအပိုင်းနှင့် တရားစီရင်ရေးဆိုင်ရာ အပိုင်း များရှိပါကြောင်း၊ ယင်းမဏ္ဍိုင်ကြီး ၃ ခုနှင့် ဒီမိုကရေစီနည်းကျကျ နိုင်ငံတစ်ခု ထူထောင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက် ရေးဆိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အခြေအနေများကို ပိုမိုခိုင်ခံ့လာအောင်၊ ပြည်သူလူထု၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်နေရခြင်း လည်း ဖြစ်ပါကြောင်း။

            ထို့ကြောင့် မိမိတို့ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ဘဝများ တိုးတက်ဖွံ့ဖြိုးရန်၊ ပြည်သူလူထုသည် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ်နှင့် ယဉ်ကျေး သိမ်မွေ့သည့် ပြည်သူများအနေဖြင့် ရပ်တည်နိုင်ရန်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အလယ် တွင် တင့်တင့်တယ်တယ်နှင့် ရပ်တည်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဓာတ်အား ရရှိခြင်းဖြင့် မလုံလောက်ပါကြောင်း၊ အဓိကလိုအပ်ချက်မှာ မိမိတို့ပြည်သူ များ၏ အရည်အချင်းပင် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ အရည်အချင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမည့် ပညာများသာမက စိတ်ပိုင်းဆိုင်ရာပါ အကျိုးဖြစ် ထွန်းမည့်စိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက်ရန် အားလုံးဝိုင်းဝန်း၍ ကြိုးစားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။

            တံတားကြီးတည်ဆောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ နိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ပြည်သူ လူထုက လိုလိုလားလားရှိရပါကြောင်း၊ အားလုံးက မိမိနေရာမှ မိမိတတ်နိုင်သည့် ဘက်က လုပ်ပေးသည့်အခါ စီမံကိန်းကြီးတစ်ခုကို အောင်အောင်မြင်မြင်အကောင် အထည်ဖော်နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဓာတ်အားခွဲရုံကို ဖွင့်ပွဲလုပ်သည်မှာ ဓာတ်အားလိုင်းဖွင့်ပွဲ လုပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့ အမျိုးမျိုးပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ပေါ်ပေါက်လာသည့် စီမံကိန်းအောင်မြင်မှုကြီး တစ်ခုဖြစ် ပါကြောင်း။

            မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလိုအပ်ချက်မှာ အလွန်များပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် လိုအပ်ချက် ၅၀ ရာခိုင်နှုန်း ဖြည့်ဆည်းနိုင်သည်အထိ ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ ယင်းကဲ့သို့ ဖြစ်နိုင်မည်ဟု မိမိတို့ယုံကြည်ပါကြောင်း၊ ယခုဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ဖွင့်လှစ်ခြင်းအားဖြင့် ကရင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိနိုင်မည့် အိမ်ထောင်စုပေါင်း မှာ ကိုးသောင်းကျော်သွားမည် ဖြစ်ပါကြောင်း၊ ယင်းမှာ တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ နေရာတိုင်းနေရာတိုင်းတွင် တိုးတက်အောင် လုပ်နေရခြင်းဖြစ်ပါကြောင်း၊ တစ်တိုင်း ပြည်လုံး ပြည်နယ် (၇)ခုနှင့် တိုင်း (၇)တိုင်းတွင် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း။

            ယနေ့လာရောက်သည့်အခါ လမ်းပန်းဆက်သွယ်ရေး အင်မတန်ကောင်းမွန် နေသည်ကို သတိပြုမိပါကြောင်း၊ လမ်းများမှာ ဖြောင့်ဖြူး၍ သွားရလာရ အင်မတန် လွယ်ကူပါကြောင်း၊ အဆင့်အတန်းမီသည်ဟု သုံးသပ်မိပါကြောင်း၊ ဘာပဲလုပ်လုပ် အဆင့်အတန်းမီမီ လုပ်ချင်ပါကြောင်း၊ ပေါပေါနှင့်အမြန် ပြီးပြီးရောဆိုပြီး လုပ်မည့် စိတ်ဓာတ်များ မိမိတို့အားလုံး ဖျောက်ဖျက်ရန် အင်မတန် အရေးကြီးပါကြောင်း၊ ရေတိုတွင် မြန်မြန်ပြီးပါက အကျိုးအမြတ် ရှိနိုင်သော်လည်း ခံနိုင်ရည်မရှိသည့် စီမံကိန်းများသည် နောက်ဆုံးတွင် အကျိုးထက် အရှုံးပေါ်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများသည် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့တိုးတက် ရေးအတွက် အားလုံးလုပ်ပေးစေလိုပါကြောင်း။

            လူတိုင်းလူတိုင်း မိမိဘဝ၊ မိမိမိသားစုအတွက် ရုန်းကန်ရမည်ဖြစ်ပါကြောင်း၊ မိမိဘဝ၊ မိမိ မိသားစုဘ၀ ရုန်းကန်ရသည့်အခြေအနေ မည်သို့ရှိနေပါစေ၊ နိုင်ငံ့ အတွက် အစိတ်အပိုင်းတစ်ခုမျှ အမြဲချန်ထားစေလိုပါကြောင်း၊ နိုင်ငံ့အတွက် အရေး ပါသည့် ကိစ္စများရှိသည်ကို စိတ်ထဲတွင် မမေ့ပျောက်စေလိုပါကြောင်း၊ မိမိနှလုံးသား၊ မိမိဦးနှောက်၏ တစ်နေရာတွင် မိမိနိုင်ငံ၊ မိမိ ရေ၊ မြေ သည် မိမိနှင့်အတူ တစ်မြေ တည်းနေ တစ်ရေတည်းသောက်နေသည့် ပြည်သူလူထု များအတွက်ဆိုသည့် စိတ်ဓာတ်ကို အမြဲရှင်သန်အောင်ထားစေလို ပါကြောင်း။

မိမိနိုင်ငံအကျိုးအတွက် စဉ်းစားမည်ဆိုပါက မှောင်နေသည့် အခန်းတစ်ခန်းတွင် ဖယောင်းတိုင်မီး ထွန်းလိုက်သကဲ့သို့ မိမိတစ်ယောက်တည်း လုပ်နိုင်သမျှ လုပ်မည်။ သို့သော်လည်း အားလုံးစုပေါင်း၍လုပ်မည်ဆိုပါက မိမိတို့ လျှပ်စစ်မီးခလုပ် ဖွင့်လိုက်သလို နိုင်ငံတစ်ခုလုံး လင်းပြီးတောက်ပသွားမည်ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်များနှင့် လုပ်စေလိုပါကြောင်း၊ နိစ္စဓူ၀ မိမိတို့နိုင်ငံတွင် မည်သို့ပင်ဖြစ်နေဖြစ်နေ မိမိနိုင်ငံ၏ အေးချမ်းသာယာမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုအတွက် မိမိတို့ ဘာလုပ် ပေးနိုင်သလဲဆိုသည်ကို တစ်နေ့တွင် တစ်ကြိမ်စဉ်းစားပေးမည်ဆိုပါက နိုင်ငံအတွက် အကျိုးအမြတ်များ ရှိမည်ဖြစ်ပါကြောင်း။

            ဘာပဲလုပ်လုပ် နိုင်ငံ့အကျိုးအတွက် လုပ်နေသည်ဆိုသည့် စိတ်ဓာတ်နှင့် လုပ်စေလိုသည်ကို အထူးအလေးပေး ထောက်ပြလိုပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသား တစ်ယောက်ချင်းသည် မိမိတာဝန် မိမိကျေပွန်မည်ဆိုပါက မီးခလုပ်ကို လွယ်လွယ် နှင့် ဖွင့်လိုက်သကဲ့သို့ မိမိတို့နိုင်ငံ မီးလင်းသွားစေရန် စုပေါင်းအင်အားနှင့် လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အရင်က လျှပ်စစ်မီး မရရှိခဲ့ဘဲ ယခုအခါ အဆိုပါဓာတ်ခွဲရုံကြီးကြောင့် အလင်းရောင်ရသည့်လူများသည် ယင်းကို နှလုံးသွင်းစေလိုပါကြောင်း။

            ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးသည် အရေးကြီးသည်ဟု ပြောနေစရာ မလို တော့ပါကြောင်း၊ ကရင်ပြည်နယ်တွင် ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ ဆယ်စု နှစ်ကြာခံခဲ့ရပါကြောင်း၊ ယင်းသို့ခံခဲ့ရသည့်အတွက် ငြိမ်းချမ်းရေး၏အကျိုးကို အမှန် တကယ် နားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ဖြစ်ဖူးမှ တစ်ကယ်သိကြမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်သူပြည်သားများသည် ငြိမ်းချမ်းရေးရစေရန်၊ ငြိမ်းချမ်းရေး၏အလင်းရောင် နိုင်ငံအတွင်းသို့ဝင်လာစေရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပြီး ကြိုးစားပေးကြပါဟု မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း။

            ယခုစီမံကိန်းကြီး၏ အဓိကအချက်မှာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမှောင်ကို ခွင်းပြီး အလင်းကို ရောက်နိုင်သည်ဆိုသည့် အဓိပ္ပါယ်သက်ရောက်သည်ဟု မိမိအနေဖြင့် ပြည်သူလူထုကို တင်ပြလိုပါကြောင်း၊ ယနေ့မှစ၍ ကရင် ပြည်နယ်၊ မြဝတီဘက်တွင် ပြည်သူလူထုအတွက် ပို၍အဆင်ပြေမည့် အလင်းရောင် ဓာတ်အားများ ရရှိသကဲ့သို့ နောင်လာမည့် ရက်များတွင်လည်း ပြည်သူလူထု၏ ဘဝများကို အေးဆေးစေမည့် ဘဝများနှင့် လင်းလက်တောက်ပစေမည့် ငြိမ်းချမ်းရေးလည်း အမြန်ဆုံးအပြည့်အဝရပါစေဟု ဆုတောင်း မေတ္တာပို့သပါကြောင်း ပြောကြားသည်။

            ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများက ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် မြဝတီမြို့ဒေသခံပြည်သူများကိုယ်စား လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

            ထို့နောက် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ကရင် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

            ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်တို့သည် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မ ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

            ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စီမံကိန်းရှုရပ်မှနေ၍ မြဝတီ ပင်မဓာတ်အားခွဲရုံအား ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြဝတီမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

 

Credit : https://www.facebook.com/MOIWebportalMyanmar

 

Post under by : ဝန်ကြီးရုံး
21-Mar-2019