The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် National Oil and Gas Information Center အဆောက်အဉီ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၁၄) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ရုံးအမှတ်(၄၄)အနီးတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တည်ဆောက်မည့် National Oil and Gas Information Center အဆောက်အဉီ၏ ပန္နက်တင်မင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင်  Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့်  ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနား သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံး စရိတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် National Oil and Gas Information Center (ပထမအဆင့်) ၃ ထပ် RC အဆောက်အဉီ၏ ပန္နက်တင် မင်္ဂလာ အခမ်းအနားဖြစ်ပါကြောင်း၊   မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေ၊ တူးဖော် ထုတ်လုပ်ခြင်းကို ဆောင်ရွက်နေပါကြောင်း၊ ယင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မိမိတို့နိုင်ငံ၏ ဘူမိ အနေအထားအရ အနည်ကျချိုင့်ဝှမ်း(၁၇)ခု ပိုင်းခြားထားပြီး၊ ကုန်းပိုင်းနှင့် ကမ်းလွန်လုပ်ကွက် စုစုပေါင်း (၁၀၄) ကွက်သတ်မှတ်ထားပါကြောင်း၊ သတ်မှတ်ထားသော လုပ်ကွက်များတွင် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် လည်းကောင်း၊ ပြည်တွင်း/ ပြည်ပမှ နိုင်ငံတကာ အတွေ့အကြုံရှိ ရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍လည်းကောင်း 2D/3D ဆိုက်စမစ် တိုင်းတာခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ခိုအောင်းနိုင်မှုပမာဏကို   တွက်ချက်၍  အကဲဖြတ်တွင်း များ တူးဖော်ခြင်း၊ ဖွံ့ဖြိုးရေးတွင်းများ တူးဖော်ခြင်း၊  စီးပွားဖြစ် ရှာဖွေတွေ့ရှိမှုအပေါ်မူတည်ကာ ပလက်ဖောင်းများ၊ ပိုက်လိုင်းများ တည်ဆောက် ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းစသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုပမာဏ၂၆ ဘီလီယံခန့်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတွင် နိုင်ငံတော်ဝင်ငွေ၏ ၁၁% ခန့် ရှာဖွေပေးနိုင်ခဲ့ပါကြောင်း ပြောကြား ပါသည်။

               ဆက်လက်၍ ယခင်က ရေနံရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဓာတ်ခွဲနမူနာများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ခိုအောင်းမှုဒေတာအချက် အလက်များကို စာရွက်၊ စာတမ်းများ၊ CD များ၊ Hard disk များဖြင့် နေပြည်တော် (ရုံးချုပ်)နှင့် ထောက်ကြံ့ သုတေသန ဌာနတို့တွင် စနစ်တကျစုစည်းထိန်းသိမ်းခဲ့သော်လည်း ခေတ်မီတိုးတက်လာသည့် IT နည်းပညာရပ် များနှင့်အညီ  အဆင့် မြှင့်တင်၍ ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ပို့ဆောင်၊ ဖြန့်ဖြုး၊ ရောင်းချခြင်း လုပ်ငန်းများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် Real Time Data Monitoring and Managementလုပ်ဆောင်နိုင်ရန်၊ သဘာဝဘေးကြုံတွေ့လာချိန်တွင် အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန်နှင့် လူနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်ပေါ်စေရန်အတွက်လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖေါ် ထုတ်လုပ်ခြင်း၊ ပို့ဆောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်းရည်ရွယ်၍ National Oil and Gas Information Center အား တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းပြီးစီးပါက  Fiber Network နှင့် Internet Network နှစ်မျိုးဖြင့် Real time Data များရယူခြင်း၊ အချက်အလက်များအား စောင့်ကြည့် စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ထိန်း/ဖြန့် စခန်းများမှ သတင်းအချက်အလက်များအား နေပြည်တော်ရုံးချုပ်မှ တိုက်ရိုက် ကြည့်ရှု နိုင်ခြင်း၊ SCADA System ဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ဖြန့်ဖြူးမှု ဆိုင်ရာ အချက်အလက်များ ဖြစ်သည့် ကုန်းပိုင်း၊ ကမ်းလွန် လုပ်ကွက်များနှင့် ပိုက်လိုင်းဆိုင်ရာ အချက် အလက်များ၊  Geology and Geophysics Data များ၊ နေရာဒေသအလိုက် Plant & Equipment စာရင်းများ၊ CNG အရောင်းဆိုင်များ၊ Operator Company များ၏ အချက်အလက်များ၊  ဝန်ထမ်းရေးရာနှင့် Human Resources Development ဆိုင်ရာအချက်အလက်များ၊ Financial ပိုင်း ဆိုင်ရာအချက်အလက်များကို သိုလှောင်သိမ်းဆည်း၍ လိုအပ်သလို စီမံခန့်ခွဲ့မှုပြုလုပ်သွားနိုင်ခြင်း၊  အနာဂတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား ပါသည်။

               ဆက်လက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်းမှ National Oil and Gas Information Center အဆောက်အဉီနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးတက်ရောက်သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲ များသည် မင်္ဂလာအချိန်တွင် သတ်မှတ်နေရာ အသီးသီးမှနေရာယူ၍ ပန္နက်တင်မင်္ဂလာကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          ယနေ့ပန္နက်တင်သည့် National Oil and Gas Information Center ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ပထမအဆင့် အနေဖြင့် 24 Core Fiber Optic Cable သွယ်တန်းခြင်း၊ Geo-SCADA Software System တပ်ဆင်ခြင်း၊ Video Wall System တပ်ဆင်ခြင်းနှင့် Station Field Devices and Software ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်ကို လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်း‌ကောင်း၊ တတိယအဆင့်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း (၃)နှစ်အတွင်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
14-Jan-2021